စောစော အနားမယူတဲ့သူတွေအတွက် ဂျပန်ကပေးတဲ့ အခွင့်အရေး
ဂျပန်မှာ ပိုက်ဆံစုပြီး အလုပ်စောစောထွက်ဖို့ (FIRE) စိတ်ကူးနေလား။ မထွက်တဲ့သူကမှ ပိုကံကောင်းနိုင်တယ်တဲ့။
FIRE ဆိုတာ ဘာလဲ
အင်တာနက်မှာရော၊ တီဗီမှာပါ ခဏခဏကြားနေရတဲ့ FIRE ဆိုတာ Financial Independence, Retire Early (ငွေရေးကြေးရေး လွတ်လပ်မှုနဲ့ အငြိမ်းစား စောစောယူခြင်း) ကိုပြောတာပါ။ ဆိုလိုတာက အလုပ်မလုပ်ဘဲ ကိုယ့်ဝင်ငွေနဲ့ကိုယ် အေးအေးဆေးဆေး နေနိုင်တဲ့အခြေအနေကို တည်ဆောက်ပြီး အသက်ငယ်ငယ်နဲ့ အနားယူလိုက်တာမျိုးပေါ့။
တစ်ပတ်လုံး ပင်ပန်းတကြီးအလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ဒီလိုမျိုး အလုပ်မလုပ်ဘဲ နေရရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်တော်တို့အားလုံး စိတ်ကူးဖူးကြမှာပါ။ ဂျပန်က လူငယ်တွေကြားမှာတော့ ဒီ FIRE လုပ်ချင်တဲ့ဆန္ဒက တော်တော်လေးကို ရေပန်းစားနေပါတယ်။
အလုပ်မထွက်တဲ့သူတွေအတွက် သတင်းကောင်း
ကဲ... အားလုံးက FIRE လုပ်ပြီး အလုပ်ကထွက်သွားဖို့ ကြိုးစားနေတဲ့အချိန်မှာ၊ အလုပ်မထွက်ဘဲ ဆက်လုပ်နေတဲ့သူတွေအတွက် အခွင့်အရေးတစ်ခုရှိတယ်လို့ ဂျပန်က ဆောင်းပါးတစ်ခုမှာ ရေးထားတာ တွေ့လိုက်ရတယ်။ နားထောင်ကြည့်တော့လည်း ဟုတ်နေတာပဲ။ 😂
FIRE လုပ်တဲ့သူတွေ များလာတာနဲ့အမျှ အလုပ်သမားဈေးကွက်မှာ လူနည်းသွားမယ်။ အဲ့ဒီအခါ ကုမ္ပဏီတွေက အလုပ်လုပ်ပေးမယ့်လူကို မျက်စိလည်ဆန်ပျာ ရှာဖွေရတော့မယ်။ အဲ့ဒီအခါကျရင် ဘာဖြစ်မလဲ။ လခတွေ တိုးပေးလာရတော့မှာပေါ့။
ဆိုတော့ကာ၊ ကျွန်တော်တို့လို အသက်ကြီးတဲ့အထိ အလုပ်လုပ်ဖို့ပဲ စဉ်းစားထားတဲ့သူတွေအတွက်တော့ ကိုယ့်ရဲ့လုပ်အားတန်ဖိုးက အရင်ကထက် ပိုတက်လာနိုင်တယ်ဆိုတဲ့ သဘောပါ။ အလုပ်လုပ်ရတာကို မပင်ပန်းဘူးလို့ ခံယူထားရင် ဒီအခွင့်အရေးကို အသုံးချပြီး ရေရှည်မှာ ပိုက်ဆံပိုစုနိုင်မှာဖြစ်လို့ စီးပွားရေးအရ တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တစ်ခုတော့ရှိတယ်…
အဲ့ဒီလို အသက်ကြီးတဲ့အထိ (ဥပမာ အသက် ၈၀) အလုပ်လုပ်မယ်ဆိုရင်လည်း ပြင်ဆင်မှုတွေလုပ်ထားဖို့ လိုအပ်တယ်တဲ့။ ဘာလို့လဲဆိုတော့ နည်းပညာတွေက အရမ်းမြန်မြန် ပြောင်းလဲနေတာကြောင့်ပါ။
ကိုယ်က အသက် ၂၀ ကျော်တုန်းက သင်ထားတဲ့ပညာနဲ့ အသက် ၈၀ အထိ အလုပ်လုပ်စားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အလုပ်လုပ်နေရင်း ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို အမြဲတမ်း မွမ်းမံနေရမယ်၊ အသစ်တွေ ပြန်လေ့လာနေရမယ် (“学び直し” - manabi naoshi) လို့ ဆိုပါတယ်။
ဒီတော့ အလုပ်လည်း လုပ်ရဦးမယ်၊ ကျောင်းလည်း ပြန်တက်ရဦးမယ်ဆိုတဲ့ သဘောပေါ့။ ဂျပန်မှာနေရတာ လွယ်တယ်လို့ ဘယ်သူပြောလဲ။ 😅
