AI က ရုံးဝန်ထမ်းတွေရဲ့ လစာများတဲ့အလုပ်တွေကို ပစ်မှတ်ထားနေတယ်
AI က အလုပ်တွေ အစားထိုးမယ်ပြောတော့ ကိုယ်တွေလို လုပ်ငန်းခွင်သမားတွေ စိတ်ပူနေတာ၊ တကယ်တော့ ပစ်မှတ်က သူတို့မဟုတ်ဘူးတဲ့ဗျ။
အမှန်တကယ် ပစ်မှတ်ကဘယ်သူလဲ
ChatGPT တို့လို AI နည်းပညာတွေ ပေါ်လာကတည်းက လူတော်တော်များများက ကိုယ့်အလုပ်နေရာ ပျောက်သွားမှာကို စိုးရိမ်နေကြတာပေါ့။ အထူးသဖြင့် ကိုယ်တွေလို စက်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်မှာ လုပ်နေတဲ့သူတွေက အရင်ဆုံး အစားထိုးခံရမယ်လို့ ထင်ခဲ့ကြတာလေ။
ဒါပေမဲ့ ဂျပန်က ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Nakamura Hitoshi ကတော့ အဲ့ဒီလိုမဟုတ်ဘူးလို့ ဆိုပါတယ်။ သူပြောတာက AI ရဲ့ အဓိကပစ်မှတ်ဟာ လစာနည်းတဲ့အလုပ်တွေထက် လစာအရမ်းကောင်းတဲ့ ရုံးဝန်ထမ်း (Salaryman) တွေရဲ့ အလုပ်တွေဖြစ်နေတယ်တဲ့။ 🤔
ဘာလို့ ဒီလိုဖြစ်ရတာလဲ
သူက ဥပမာတစ်ခုနဲ့ ရှင်းပြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက လူမောင်းမလိုတဲ့ ကားတွေ ခေတ်စားလာတော့မယ်လို့ ပြောခဲ့ကြပေမဲ့ အခုထိ ဂျပန်လမ်းတွေပေါ်မှာ လူမောင်းတဲ့တက္ကစီတွေပဲ တွေ့နေရတုန်းပဲ။ ဘာလို့လဲဆိုတော့ ကားမောင်းသမားတစ်ယောက်ရဲ့ လုပ်အားခကို အစားထိုးလိုက်လို့ရမယ့် တန်ဖိုးက သိပ်မများလို့ပါပဲ။
ဒါပေမဲ့ AI ကတော့ မတူဘူး။ သူအစားထိုးချင်နေတာက ရုံးခန်းထဲမှာလုပ်ရပြီး လစာအများကြီးရနေတဲ့ အလုပ်တွေပါ။ ကုမ္ပဏီတွေအတွက်တော့ တစ်နှစ်ကို ယန်း သုံးသန်းလောက်ပဲရတဲ့ အလုပ်သမားတစ်ယောက်ကို အစားထိုးတာထက် တစ်နှစ်ကို ယန်း သန်းချီရနေတဲ့ မန်နေဂျာတစ်ယောက်ကို AI နဲ့ အစားထိုးလိုက်တာက ပိုပြီး အကျိုးအမြတ်များတယ်လေ။ ရှင်းရှင်းလေးပါပဲ။
ဒါဆို အခုချက်ချင်း အလုပ်ပြုတ်တော့မှာလား
အဲ့ဒီလိုတော့လည်း ချက်ချင်းကြီး မဖြစ်သေးပါဘူး။ AI စနစ်တွေအတွက် data center ကြီးတွေ တည်ဆောက်ဖို့က လျှပ်စစ်၊ ရေ၊ semiconductor တွေ အများကြီးလိုတယ်။ ဒါတွေက အကန့်အသတ်ရှိနေတုန်းပဲ။
နောက်တစ်ခုကတော့ အစိုးရတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေပါ။ AI ကို ဘယ်လောက်ထိခွင့်ပြုမလဲဆိုတာကို နိုင်ငံတိုင်းက စဉ်းစားနေကြဆဲဆိုတော့ AI ခေတ်ထဲကို အပြည့်အဝရောက်ဖို့က အချိန်အနည်းငယ်တော့ ယူရဦးမှာပါ။ ဆိုတော့ လောလောဆယ်တော့ မနက်ခင်းရထားပေါ်က suit နဲ့ ရုံးဝန်ထမ်းတွေနဲ့ အတူတူ ကျပ်ကျပ်တည်းတည်း ဆက်ပြီးစီးကြရဦးမှာပါပဲ။ 😅

Sign in to keep your name & data