ဂျပန်မှာ အိမ်ထောင်ပြုချင်သူ ၈၀% ရှိပေမဲ့ လူလွတ်တွေပဲ များနေ
ဂျပန်လူငယ် ၁၀ ယောက်မှာ ၈ ယောက်က အိမ်ထောင်ပြုချင်ကြပေမဲ့ တကယ်တမ်းမှာတော့ လက်ထပ်တဲ့သူတွေက တစ်ဝက်လောက်ကို နည်းသွားတယ်။
ဘာတွေဖြစ်နေတာလဲ
ဂျပန်မှာ လက်ထပ်တဲ့နှုန်းက တဖြည်းဖြည်းကျဆင်းလာတာ နှစ်ပေါင်း ၅၀ လောက်ရှိပါပြီ။ ၁၉၇၀ ခုနှစ်တွေတုန်းက တစ်နှစ်ကို အိမ်ထောင်ပြုတဲ့ စုံတွဲပေါင်း ၁ သန်းလောက်ရှိခဲ့ပေမဲ့ အခုတော့ ၅ သိန်းတောင် မပြည့်တော့ဘူး။ တစ်ဝက်အတိ ကျသွားတာပေါ့။
လူဦးရေနည်းလာတာကြောင့်လို့ ထင်နိုင်ပေမဲ့ အဲ့ထက်ပိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အမျိုးသား၊ အမျိုးသမီးလူလွတ် ၈၀% ကျော်က အခုထိ အိမ်ထောင်ပြုချင်စိတ်ရှိတုန်းပဲလို့ စစ်တမ်းတွေက ဆိုပါတယ်။
ဒါဆို ဘာလို့ ဆန္ဒနဲ့ လက်တွေ့က ကွာနေရတာလဲ။ 🤔
ပြဿနာက ဘယ်မှာလဲ
ဂျပန်ရဲ့ ကလေးမွေးဖွားနှုန်းနည်းတဲ့ ပြဿနာရဲ့ အဓိကတရားခံက အိမ်ထောင်ပြုတဲ့သူ နည်းသွားလို့ပါတဲ့။ လက်ထပ်ပြီးသား စုံတွဲတွေကတော့ ပျမ်းမျှ ကလေး ၂ ယောက်နီးပါး ယူနေကြတုန်းပဲ။ ဆိုတော့ သူတို့အပိုင်းကတော့ အိုကေနေတာပေါ့။
အစိုးရကလည်း မင်္ဂလာဆောင်ဖို့ ထောက်ပံ့ကြေးတွေပေးတာ၊ မြို့နယ်အလိုက် ဖူးစာဖက်ရှာတဲ့ပွဲတွေ (街コン) လုပ်ပေးတာမျိုးတွေ ကြိုးစားခဲ့ပေမဲ့ ထင်သလောက်တော့ အောင်မြင်မှုမရခဲ့ပါဘူး။
ဒါက လူတွေရဲ့ အတွေးအခေါ်ပြောင်းလဲလာတာနဲ့ ပိုဆိုင်နေပါတယ်။
“မယူလဲ ဖြစ်ပါတယ်” ဆိုတဲ့ ခေတ်
နောက်ထပ်စစ်တမ်းတစ်ခုအရ အသက် ၃၀ အရွယ် ဂျပန်လူမျိုး ၉၀% က “အိမ်ထောင်ပြုတာဟာ မဖြစ်မနေလုပ်ရမယ့် ကိစ္စမဟုတ်ဘူး” လို့ ဖြေခဲ့ကြပါတယ်။ အရင်ခေတ်ကလို “လူဆိုတာ အိမ်ထောင်ပြုရမယ်” ဆိုတဲ့ အတွေးက မှေးမှိန်သွားပြီပေါ့။
ဆိုလိုတာကတော့ လူအများစုအတွက် အိမ်ထောင်ရေးဆိုတာ “ရွေးချယ်စရာတစ်ခု” ဖြစ်လာပါတယ်။ “အိမ်ထောင်တော့ ပြုချင်ပါတယ်… ဒါပေမဲ့ မပြုဖြစ်လဲ ဘဝက အဆင်ပြေနေတာပဲ” ဆိုတဲ့ သဘောမျိုးပါ။
ကားတစ်စီးဝယ်ရင် မပါမဖြစ်တဲ့ အရာမဟုတ်ဘဲ ကိုယ်ကြိုက်မှထည့်တဲ့ optional equipment တစ်ခုလို ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဂျပန်မှာတော့ အဲ့ဒီ option က တော်တော်လေး ဈေးကြီးပုံပဲ။
