ဂျပန်ကုမ္ပဏီ ဘောနပ်စ်နဲ့ မန်နေဂျာလစာများ
ဒီနွေရာသီ ဂျပန်ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှဘောနပ်စ်က ယန်း ၄ သိန်း ၇ သောင်းကျော်တဲ့။
ဘောနပ်စ်ရာသီ ရောက်ပြန်ပြီ
ဂျပန်မှာ ဇူလိုင်လရောက်ပြီဆိုရင် လူတွေက ဘောနပ်စ်ကို ဘယ်လိုသုံးရမလဲဆိုပြီး ရင်ခုန်နေကြပြီ။ ဒီနှစ်နွေရာသီမှာ ကုမ္ပဏီဝန်ထမ်း (正社員) တစ်ယောက်ရဲ့ ပျမ်းမျှဘောနပ်စ်ဟာ ယန်း ၄၇၇,၀၀၀ ဖြစ်မယ်လို့ ခန့်မှန်းထားကြတယ်။ မနှစ်ကထက်တောင် များသေးတယ်။ 😮
ကုမ္ပဏီတွေရဲ့ ၃၇% က ဘောနပ်စ်တိုးပေးမယ်လို့ ပြောထားပေမဲ့ ဒါက ကုမ္ပဏီကြီးတွေမှာ ပိုဖြစ်နိုင်ခြေများတယ်။ ကုမ္ပဏီသေးလေလေ ဘောနပ်စ်တိုးပေးဖို့ အလားအလာ နည်းလေလေပါပဲ။ ကိုယ်တွေ သူငယ်ချင်းတွေရဲ့ ကုမ္ပဏီတွေရော အဲ့ဒီထဲ ပါရဲ့လားမသိဘူး။
မန်နေဂျာဖြစ်ရင်တော့ တစ်လောကလုံး ပိုင်သလိုပဲ
ဘောနပ်စ်ကို အားမကိုးဘဲ လစာတိုးချင်ရင် ရာထူးတက်ဖို့ပဲရှိတယ်။ ဂျပန်ကုမ္ပဏီတွေမှာ မန်နေဂျာဖြစ်ရင် လစာဘယ်လောက်ရလဲ ကြည့်လိုက်ကြရအောင်။
ဌာနမှူး (部長) အဆင့်ဆိုရင် တစ်လကို ပျမ်းမျှ ယန်း ၆ သိန်း ၃ သောင်းကျော် ရတယ်။ 課長 (Kacho) အဆင့်က ယန်း ၅ သိန်း ၂ သောင်းကျော်။ သူတို့ရဲ့ ပျမ်းမျှအသက်က ၅၃ နှစ်နဲ့ ၄၉ နှစ်ဝန်းကျင်ပဲ။ တစ်နှစ်စာဝင်ငွေကို ဘောနပ်စ်နဲ့ပေါင်းတွက်ရင် Bucho တစ်ယောက်က ယန်း သန်း ၁၀၀၀ (10 million yen) ကျော်လောက်ရတယ်။
ကြားလိုက်တာနဲ့တောင် မူးသွားတယ်။ ရိုးရိုးဝန်ထမ်းတစ်ယောက်ရဲ့ နှစ်စဉ်ဝင်ငွေထက် နှစ်ဆလောက်များတယ်။ ဆိုတော့ကာ ရည်မှန်းချက်အသစ်က အသက် ၅၀ ကျော်ရင် Bucho ဖြစ်ဖို့ပဲ။ 😂
ဒါပေမဲ့ အဲ့ဒီနောက်ကွယ်မှာတော့
ငွေများများရတော့ ကောင်းတာပေါ့။ ဒါပေမဲ့ မန်နေဂျာတွေရဲ့ ဘဝကလည်း မလွယ်ပါဘူး။ တာဝန်ကြီးသလို အလုပ်ချိန်ပြင်ပမှာပါ အလုပ်လုပ်ရတာတွေ၊ ဖုန်းဖြေရတာတွေ၊ အီးမေးလ်ပြန်ရတာတွေက သာမန်ဝန်ထမ်းထက် အများကြီး ပိုများတယ်။
ဒါတောင် လက်ရှိမန်နေဂျာတွေရဲ့ ၆၀% က ဒီအလုပ်ကို ဆက်လုပ်ချင်ကြသေးတယ်တဲ့။ အကြောင်းရင်းကတော့ "やりがい" (yarigai) လို့ခေါ်တဲ့ အလုပ်ပြီးမြောက်ခြင်းရဲ့ ပီတိနဲ့ ကိုယ့်လက်အောက်က ဝန်ထမ်းတွေ တိုးတက်လာတာကို မြင်ရတဲ့အတွက် ကျေနပ်မှုတွေကြောင့်ပါပဲ။
ဂျပန်လူမျိုးတွေတောင် တခြားသူငယ်ချင်းတွေရဲ့ ကုမ္ပဏီကို အားကျကြတာပဲ။ အားအကျရဆုံးကုမ္ပဏီတွေကတော့ အစိုးရဝန်ထမ်းနဲ့ Toyota တို့လို ကုမ္ပဏီကြီးတွေပေါ့။ အကြောင်းရင်းက လစာကောင်းပြီး တည်ငြိမ်လို့တဲ့။
နောက်ဆုံးတော့လည်း လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်ပါပဲ။ ကိုယ်တွေက ရထားခအတွက် ပိုက်ဆံရေတွက်နေချိန်မှာ Bucho ကတော့ ညဘက်ကြီး အလုပ်အီးမေးလ်တွေ ပြန်နေရတာမျိုး ဖြစ်နိုင်တာပဲလေ။
