ဂျပန်ဗီဇာကြေးတွေ အဆ ၂၀ ထိ တက်တော့မယ်
ဂျပန်ရဲ့ Permanent Resident (PR) လျှောက်ခက ယန်း ၁ သောင်းကနေ ယန်း ၂ သိန်းအထိ တက်ဖို့ အဆိုပြုလိုက်ပြီ။
ဘာတွေဖြစ်ကုန်တာလဲ
PR လျှောက်ဖို့ စျေးက အဆ ၂၀ တက်သွားမယ်။ ဟုတ်တယ်၊ ယန်း ၁ သောင်းကနေ ယန်း ၂ သိန်း။
ကျွန်တော်တို့လို သာမန်ဗီဇာ သက်တမ်းတိုးကြေးတွေလည်း အလွတ်မပေးဘူး။ အရင်က ဘယ်ဗီဇာမဆို တစ်ပြေးညီ ယန်း ၆၀၀၀ ပဲကျပေမဲ့ အခုတော့ အဲ့လိုမဟုတ်တော့ဘူး။
အသစ်ပြောင်းမယ့် စနစ်အရ ဗီဇာသက်တမ်းအလိုက် စျေးနှုန်းတွေ ကွဲသွားမယ်။ ၃ လအောက်ဆို ယန်း ၁ သောင်း၊ ၁ နှစ်အတွက် ယန်း ၃၃,၀၀၀၊ ၃ နှစ်နဲ့ ၅ နှစ်ကြားဆို ယန်း ၆၄,၀၀၀ နဲ့ ၅ နှစ်အထက်အတွက်ဆို ယန်း ၇၅,၀၀၀ အထိ ကျသင့်မယ်။
ဘာလို့ ဒီလိုလုပ်ရတာလဲ
အစိုးရရဲ့ ပြောစကားအရတော့ ဒီလိုကြေးတွေတိုးမြှင့်လို့ရလာတဲ့ ပိုက်ဆံတွေကို ဂျပန်စာသင်ကြားရေး အစီအစဉ်တွေ ပိုကောင်းမွန်လာအောင် သုံးမယ်တဲ့။
တကယ်တော့ ဒီကိစ္စက မေလကတည်းက ပြင်ဆင်လိုက်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ်မှာ ပါပြီးသား။ အဲ့ဒီဥပဒေအရဆို PR အတွက် ယန်း ၃ သိန်းအထိ တောင်းခွင့်ရှိတာကို အခု ၂ သိန်းပဲ အဆိုပြုထားတာဆိုတော့... စဉ်းစားစရာပဲ။
ဒီလိုလုပ်လိုက်တော့ နိုင်ငံခြားသားတွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးလာမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။
ဘယ်တော့စမှာလဲ၊ ဘာတွေသိထားရမလဲ
လောလောဆယ်တော့ အဆိုပြုချက်အဆင့်ပဲ ရှိသေးပြီး အများပြည်သူဆီက သဘောထားမှတ်ချက် (Public Comment) တွေ တောင်းဦးမယ်။ ဒါပေမဲ့ အောက်တိုဘာလောက်မှာ စပြီး အတည်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။
သတင်းကောင်းတစ်ခုကတော့ online ကနေ လျှောက်လွှာတင်ရင် ယန်း ၁ သောင်းအထိ လျှော့စျေးရနိုင်တယ်။ ဒါပေမဲ့ သုံးလအောက် သက်တမ်းတိုးတာတွေတော့ အဲ့ဒီလျှော့စျေးထဲမှာ မပါဘူး။
ဒုက္ခက PR လျှောက်တာကတော့ အရင်လိုပဲ လူကိုယ်တိုင်သွားလျှောက်ရမှာမို့လို့ လျှော့စျေးမရနိုင်ဘူး။ ယန်း ၂ သိန်း အပြည့်ပဲ။
PR ယူပြီး ဂျပန်မှာ အခြေချဖို့ ရည်ရွယ်ထားတဲ့ သူတွေအတွက်တော့ ကုန်ကျစရိတ်က အရင်ထက် အများကြီး ပိုတွက်ရတော့မယ်။
