← HoraYaba
ကိုဘေးမှာ ၁၃ နှစ်ကြာ ရေခေဲသေတ္တာထဲက ထွက်ပေါ်လာတဲ့အလောင်း
hot·4h

ကိုဘေးမှာ ၁၃ နှစ်ကြာ ရေခေဲသေတ္တာထဲက ထွက်ပေါ်လာတဲ့အလောင်း

မီးဖြတ်လိုက်လို့ အနံ့ထွက်လာမှ ၁၃ နှစ်လုံးလုံး ရေခဲသေတ္တာထဲ ဖွက်ထားတဲ့အလောင်း ပေါ်လာတယ်။

ဘာဖြစ်သွားတာလဲ

ဇွန်လ ၁၉ ရက်နေ့က ကိုဘေးမြို့၊ Chuo ခရိုင်က တိုက်ခန်းတစ်ခုမှာ အနံ့ဆိုးတွေ ထွက်နေတယ်ဆိုပြီး အိမ်နီးချင်းတွေက ရဲကို အကြောင်းကြားခဲ့တယ်။

နောက်တစ်နေ့မှာ ရဲတွေက အဲဒီတိုက်ခန်းထဲကို ဝင်စစ်တော့ မီးဖြတ်ထားလို့ အနံ့တွေထွက်နေတဲ့ ရေခဲသေတ္တာတစ်လုံးကို တွေ့တယ်။ အထဲမှာတော့ ဆိုးဆိုးရွားရွား ပုပ်ပွနေတဲ့ အလောင်းတစ်လောင်း ရှိနေခဲ့တာပါ။ စစ်ဆေးကြည့်တော့ အလောင်းက အဲဒီအခန်းမှာနေခဲ့တဲ့ Yutaka Nishiguchi ဖြစ်ပြီး ၂၀၁၁ ဒီဇင်ဘာလလောက်ကတည်းက သေဆုံးနေခဲ့တာလို့ သိရတယ်။ သေတုန်းက အသက် ၄၂ နှစ်ပဲ ရှိသေးတယ်။

ဆိုတော့ ၁၃ နှစ်နီးပါး အဲဒီအလောင်းက ရေခဲသေတ္တာထဲမှာ ရှိနေခဲ့တာပေါ့။

အသေးစိတ်က ထိတ်လန့်စရာ

အလောင်းကို နှစ်ပိုင်းဖြတ်ပြီး အိတ်နှစ်လုံးနဲ့ ထည့်ထားတာ။ အပေါ်ပိုင်းကို တီရှပ်ဝတ်ပေးထားပြီး အောက်ပိုင်းကို ဘောင်းဘီတို ဝတ်ပေးထားတယ်။ ဒီလိုအသေးစိတ်အချက်တွေက ဒီကိစ္စကို ပိုပြီး နားလည်ရခက်စေတယ်။

ရဲတွေပြောတာကတော့ အခန်းထဲမှာ သွေးစွန်းတာမျိုး၊ ရန်ဖြစ်ထားတဲ့ပုံစံမျိုး လုံးဝမရှိဘူးတဲ့။ ရေခဲသေတ္တာကလည်း ၈၇ စင်တီမီတာပဲ မြင့်တယ်။ တိုက်အဝင်ပေါက်မှာလည်း လုံခြုံရေးတံခါးမရှိတော့ ဘယ်သူမဆို အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ အခြေအနေပါ။

ဒါဟာ လူသတ်ပြီး အလောင်းဖျောက်ဖျက်တဲ့အမှု ဖြစ်နိုင်တယ်လို့ ရဲအင်အား ၈၀ ပါတဲ့ အထူးအဖွဲ့က သုံးသပ်ထားတယ်။

ဂျပန်မှာ ဒါမျိုးဖြစ်တာ ပထမဆုံးမဟုတ်ဘူး

ကျွန်တော် ဂျပန်မှာနေတာ ၃ နှစ်ရှိပြီ၊ ဒါပေမဲ့ ဒီလိုအမှုတွေကြားရတိုင်း ကြက်သီးထတုန်းပဲ။ ရေခဲသေတ္တာကိုသုံးပြီး အလောင်းဖျောက်တဲ့အမှုတွေ ဂျပန်မှာ အရင်ကလည်း ရှိခဲ့ဖူးတယ်။

၂၀၂၁ တုန်းကလည်း တိုကျိုမှာ အမျိုးသမီးတစ်ယောက်က သူ့အမေအလောင်းကို ရေခဲသေတ္တာထဲ ၁၀ နှစ်ကျော် ထည့်ထားခဲ့တယ်။ အိမ်ငှားဘဝကနေ နှင်ထုတ်ခံရမှာစိုးလို့ပါတဲ့။ နောက်တစ်ခုက Ibaraki မှာ အမျိုးသမီးတစ်ယောက်က သူ့သမီးအလောင်းကို အနှစ် ၂၀ လုံးလုံး ရေခဲသေတ္တာထဲ ထည့်သိမ်းထားခဲ့တာမျိုးလည်း ရှိခဲ့တယ်။

သူတို့က ဘယ်လိုများ ဒီလိုလျှို့ဝှက်ချက်ကြီးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ကြတာလဲ။

မှတ်ချက်များ

⚡ နေရာများ ပြည့်သွားပြီ

မှတ်ချက်ရေးသည့် နေရာများ ပြည့်သွားပြီ။ ပြန်ဖွင့်သောအခါ အကြောင်းကြားရန် စာရင်းသွင်းပါ။