အိပ်ဆေးထက်ထိရောက်တဲ့ ဂျပန်က အိပ်စက်နည်း
တိုကျိုတက္ကသိုလ်ရဲ့ သုတေသနအရ အိပ်မပျော်ဘဲ အိပ်ရာထဲမှာ လူးလွန့်နေတာက သင့်ကို ပိုပြီးအိပ်မပျော်စေပါတယ်။
ဦးနှောက်က အိပ်ရာကို မေ့သွားတဲ့အခါ
ဂျပန်က ကိုယ့်ရဲ့ 1R တိုက်ခန်းကျဉ်းကျဉ်းလေးမှာ အိပ်ရာဆိုတာ အိပ်ဖို့ပဲ သီးသန့်မဟုတ်တော့ဘူးလေ။ အိပ်ရာပေါ်မှာ ဖုန်းသုံးတယ်၊ Netflix ကြည့်တယ်၊ အလုပ်လုပ်တယ်၊ တခါတလေ ထမင်းပါစားလိုက်သေးတယ်။ အဲ့လိုဖြစ်လာတော့ ဦးနှောက်က အိပ်ရာကို 'အလုပ်လုပ်တဲ့နေရာ' 'အပန်းဖြေတဲ့နေရာ' လို့ မှတ်သွားရော။
ဒီတော့ တကယ်အိပ်ရမယ့်အချိန်ရောက်လာတဲ့အခါ ဦးနှောက်က နားမနေတော့ဘဲ တက်ကြွနေတုန်းပဲ။ အဲ့ဒါကြောင့် အိပ်မပျော်တာပါ။ ဒီပြဿနာကိုဖြေရှင်းဖို့က ဦးနှောက်ကို 'အိပ်ရာဆိုတာ အိပ်ဖို့သက်သက်ပဲ' ဆိုပြီး ပြန်သင်ပေးရမှာ။ ဒီနည်းလမ်းကို Cognitive Behavioral Therapy (CBT) လို့ခေါ်ပြီး အိပ်ဆေးတွေထက်တောင် ပိုထိရောက်တယ်လို့ သုတေသနတွေက ဆိုပါတယ်။
အိပ်မပျော်ရင် အိပ်ရာထဲက ထွက်ပါ
အကြံပေးချက်ကတော့ရှင်းတယ်။ အိပ်ရာထဲရောက်ပြီး မိနစ် ၂၀ လောက်အထိ အိပ်မပျော်ဘူးဆိုရင် အိပ်ရာထဲက ထလိုက်ပါ။ ပြီးတော့ အလင်းရောင်မှိန်မှိန်ပဲရှိတဲ့ တခြားနေရာမှာ သွားနေပါ။ 🤔
ဟုတ်ပါတယ်။ ကျွန်တော်တို့လို 1K တိုက်ခန်းမှာနေတဲ့သူအတွက် 'တခြားနေရာ' ဆိုတာ မီးဖိုချောင်ထောင့်လေး ဒါမှမဟုတ် အိပ်ရာဘေးက တစ်ပေလောက်အကွာနေရာလေးပေါ့။ အဲ့ဒီမှာ ဖုန်းမသုံးဘဲ၊ တီဗီမကြည့်ဘဲ သီချင်းအေးအေးလေးနားထောင်တာမျိုး၊ အကြောအပေါ့ဆန့်တာမျိုးလုပ်ပြီး အိပ်ချင်စိတ်ပေါ်လာမှ အိပ်ရာထဲပြန်ဝင်ပါ။
ဒီလိုလုပ်တာက 'အိပ်ရာ = အိပ်မပျော်လို့ စိတ်ညစ်ရတဲ့နေရာ' ဆိုတဲ့ အတွေးကို ဖျောက်ဖျက်ပစ်လိုက်တာပါပဲ။ နေ့ခင်းဘက် တစ်ရေးအိပ်ရင်တောင် အိပ်ရာပေါ်မှာမအိပ်ဘဲ စားပွဲပေါ်မှောက်အိပ်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။
ဒီည အိပ်မပျော်ခဲ့ရင် ကိုယ့်မီးဖိုချောင်လေးထဲမှာ ခဏလောက် ထိုင်ကြည့်လိုက်ပေါ့။ အဆင်ပြေသွားမလား ဘယ်သူသိနိုင်မလဲ။

Sign in to keep your name & data