သင့်ဘေးကလူက ဘာလို့ ဘယ်တော့မှမဖျားဘဲ အမြဲလန်းဆန်းနေတာလဲ
ရုံးထဲမှာ ကိုယ်တစ်ယောက်တည်း နှာစေးချောင်းဆိုးနေချိန် ဘေးကဂျပန်လုပ်ဖော်ကိုင်ဖက်က ဘာမှမဖြစ်သလို ထိုင်နေတာမျိုး ကြုံဖူးလား။ 🤔
အဲဒီလူ ဘာလို့ ဘယ်တော့မှ ဖျားနာခြင်းမရှိတာလဲ
ဂျပန်မှာ အလုပ်လုပ်တဲ့အခါ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဘယ်တော့မှမဖျားတဲ့လူတစ်ယောက်တော့ အနည်းဆုံးရှိတတ်ကြတယ်လေ။ ကိုယ်တွေက ရာသီအပြောင်းတိုင်း နှာစေးချောင်းဆိုးနေချိန်၊ ရထားပေါ်က လူတစ်ယောက်ချောင်းဆိုးလိုက်တာနဲ့တင် "ငါတော့ ကူးပြီ" လို့ တွေးနေချိန်မှာ သူတို့ကတော့ အမြဲတမ်းလန်းဆန်းနေတာ။
ဒါက သူတို့ မွေးရာပါ ကိုယ်ခံအားကောင်းလို့လား။ ဒါမှမဟုတ် ဗိုင်းရပ်စ်တွေက သူတို့ကို ရှောင်သွားတာလားပေါ့။ တကယ်တော့ အဲ့လိုမဟုတ်ဘူးတဲ့။ ဂျပန်ဆေးတက္ကသိုလ်က ပါမောက္ခကြီးတစ်ဦးဖြစ်တဲ့ 太田成男 (Ota Shigeo) ရဲ့ အဆိုအရတော့ ဗိုင်းရပ်စ်က လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲကို အမြဲဝင်နေတာပါပဲတဲ့။
အဓိကကွာခြားချက်က ဗိုင်းရပ်စ်ဝင်လာတဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်သလဲဆိုတာပေါ်မှာ မူတည်နေတာ။ မဖျားတဲ့လူတွေက သူတို့ခန္ဓာကိုယ်ထဲဝင်လာတဲ့ ဗိုင်းရပ်စ်တွေကို မြန်မြန်ဆန်ဆန်နဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှင်းထုတ်နိုင်စွမ်း ရှိနေလို့ပါတဲ့။
တကယ့်တရားခံက 'မိုက်တိုခွန်ဒရီယာ'
ကိုယ်တွေကြားနေကျ ကိုယ်ခံအား (Immunity) ဆိုတာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက 'မွေးရာပါ ကိုယ်ခံအား' (Natural Immunity) ဖြစ်ပြီး နောက်တစ်ခုကတော့ ကာကွယ်ဆေးထိုးတာတို့၊ အရင်က ရောဂါဖြစ်ဖူးလို့ဖြစ်စေ ရလာတဲ့ 'မွေးစားကိုယ်ခံအား' (Acquired Immunity) ပေါ့။
ပြဿနာက ကိုယ်တွေက ဒုတိယတစ်ခုကိုပဲ အာရုံစိုက်နေကြတာ။ တကယ်တမ်း ခန္ဓာကိုယ်ရဲ့ ပထမဆုံးကာကွယ်ရေးတပ်ဦးက 'မွေးရာပါ ကိုယ်ခံအား' ပဲ။ သူက အလုပ်ကောင်းကောင်းလုပ်နေရင် ဗိုင်းရပ်စ်ဝင်လာတာတောင် ကိုယ်က သတိထားမိမှာမဟုတ်ဘူး။
အဲ့ဒီ 'မွေးရာပါ ကိုယ်ခံအား' ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် အဓိကသော့ချက်က 'မိုက်တိုခွန်ဒရီယာ' (Mitochondria) ဆိုတဲ့အရာလေးတွေပဲ။ သူတို့က ဆဲလ်တွေအတွက် ဓာတ်အားပေးစက်ရုံလိုပဲ။ သူတို့အားနည်းနေရင် ကိုယ်ခံအားဆဲလ်တွေက ပျင်းရိနေပြီး ဗိုင်းရပ်စ်ကို ရှင်းထုတ်ဖို့ အချိန်ပိုကြာတယ်။ အဲ့ဒီအခါမှ ဖျားတာ၊ နာတာ၊ ကိုယ်ပူတာတွေဖြစ်လာတာ။
ဒါဆို ဘာလုပ်ရမလဲ
သတင်းကောင်းကတော့ အသက်ကြီးလာလို့ မိုက်တိုခွန်ဒရီယာတွေ အားနည်းလာပေမယ့် နောက်ကျသွားပြီလို့တော့ မရှိပါဘူးတဲ့။ သူတို့ကို ပြန်ပြီး အားဖြည့်လို့ရတယ်။
အလွယ်ဆုံးနည်းကတော့ လေ့ကျင့်ခန်းလုပ်တာပဲ။ နည်းနည်းမောလောက်တဲ့အထိ လမ်းမြန်မြန်လျှောက်တာမျိုးကို ပုံမှန်လုပ်ပေးရုံနဲ့ မိုက်တိုခွန်ဒရီယာတွေက ပြန်ပြီးတက်ကြွလာနိုင်တယ်။ ဂျပန်က ဘူတာလှေကားတွေကို ဓာတ်လှေကားမသုံးဘဲ တက်တာမျိုးကလည်း အထောက်အကူဖြစ်လောက်တယ်။ 😂
နောက်တစ်နည်းကတော့ အစားအသောက်ပေါ့။ ဗီတာမင် B အုပ်စု၊ L-carnitine၊ Taurine နဲ့ Coenzyme Q10 လိုမျိုး အာဟာရဓာတ်တွေက မိုက်တိုခွန်ဒရီယာတွေကို ကူညီပေးနိုင်တယ်။ ဒီဓာတ်တွေက အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ နည်းသွားတတ်လို့ အစားအသောက်ကနေ ဒါမှမဟုတ် ဖြည့်စွက်အားဆေး (supplement) အနေနဲ့ သောက်သုံးသင့်တယ်လို့ ပါမောက္ခကြီးက အကြံပေးထားတယ်။
ကဲ… နောက်တစ်ခါ အအေးမိပြန်ရင် ဗီတာမင် C ဆေးပြားတွေ အလောတကြီးမရှာခင် ကိုယ့်ရဲ့ မိုက်တိုခွန်ဒရီယာလေးတွေကို အားရှိအောင် ဘာလုပ်ပေးရမလဲဆိုတာ အရင်စဉ်းစားလိုက်တော့နော်။

Sign in to keep your name & data