မိုးရွာရင် ခေါင်းကိုက်လား။ သိပ္ပံနည်းကျ အဖြေရှိတယ်။
ဂျပန်ရဲ့ မိုးရာသီမှာ ခေါင်းကိုက်တာက စိတ်ထင်နေတာမဟုတ်ဘူး၊ သွေးထဲမှာကို တစ်ခုခုထူးခြားနေတာတဲ့ဗျ။
ဒါက ဘာရောဂါကြီးလဲ
ဂျပန်ရဲ့ မိုးရာသီ (Tsuyu) ကတော့ နေသားကျနေတဲ့သူတွေအတွက်တောင် တော်တော်စိတ်ညစ်ဖို့ကောင်းတုန်းပဲ ဟုတ်တယ်မလား။ မိုးတွေဆက်တိုက်ရွာ၊ အဝတ်တွေလည်းမခြောက်၊ အရာရာက စိုစိစိနဲ့ဖြစ်နေချိန်မှာ ခေါင်းက ထိုးကိုက်လာတတ်တယ်။ ဂျပန်မှာတော့ ဒီလို ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာ၊ မူးတာ၊ နေလို့မကောင်းတာတွေကို "ရာသီဥတုရောဂါ" (気象病 - kishōbyō) လို့ကို နာမည်ပေးထားတာဗျ။
Daiichi Sankyo ဆိုတဲ့ ကုမ္ပဏီရဲ့ စစ်တမ်းအရ ဂျပန်မှာ လူ ၆၄.၆% လောက်က ဒီလိုဝေဒနာကို ခံစားဖူးကြပြီး အဖြစ်အများဆုံးကတော့ ခေါင်းကိုက်တာ (၆၇.၁%) ပဲတဲ့။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။ 🤧
ဘာလို့ ခေါင်းကိုက်ရတာလဲ
အရင်ကတော့ ဒီလိုခေါင်းကိုက်တာက နားအတွင်းပိုင်းက လေဖိအားပြောင်းလဲမှုကို အရမ်းခံစားလွယ်တဲ့သူတွေမှာ ဖြစ်တတ်တယ်လို့ပဲ ယေဘုယျပြောခဲ့ကြတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဘာလို့ကွာခြားနေလဲဆိုတာကိုတော့ သေချာမသိခဲ့ကြဘူး။
အခုနောက်ဆုံး သုတေသနတစ်ခုမှာတော့ အဖြေကို တွေ့လာရပြီ။ ခေါင်းကိုက်တတ်တဲ့သူတွေရဲ့ သွေးထဲမှာ "Nervonic Acid" (အာရုံကြောဆဲလ်တွေရဲ့ အရေးပါတဲ့ အဆီဓာတ်တစ်မျိုး) နဲ့ "Active Vitamin D" ဓာတ်တွေ သိသိသာသာ နည်းနေတာကို တွေ့ရှိခဲ့ကြတယ်။ ဒီဓာတ်တွေက ယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး ခေါင်းကိုက်တတ်သူတိုင်းမှာ နည်းနေတာဆိုတော့ ဒါဟာ ခေါင်းကိုက်ခြင်းနဲ့ တိုက်ရိုက်ပတ်သက်နိုင်တဲ့ အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခုပါပဲ။
ဒါဆို ဘာလုပ်ရမလဲ
ဒီတွေ့ရှိချက်က အားတက်စရာပါ။ ဒါပေမဲ့ သွေးထဲကဓာတ်တွေကို ကိုယ့်ဘာသာကိုယ် ပြောင်းလဲဖို့က ခက်တော့ လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေလည်း သူတို့က မျှဝေထားပါတယ်။
ပထမဆုံးအနေနဲ့ ဖုန်းထဲက မိုးလေဝသ App တွေမှာ လေဖိအားပြောင်းလဲမှုကို ကြိုကြည့်ထားပါ။ ဂျပန်က App တွေမှာ လေဖိအားအတွက် သီးသန့် သတိပေးချက်တွေ ပါတတ်တယ်။
ခေါင်းကိုက်လာပြီဆိုရင် အဓိကကတော့ အိပ်ရေးဝဝအိပ်ဖို့ပါပဲ။ ရေနွေးနွေးလေးနဲ့ စိမ်တာ၊ သီချင်းအေးအေးလေးနားထောင်တာမျိုးကလည်း အာရုံကြောစနစ်ကို ပြန်ငြိမ်စေပါတယ်။
အရမ်းနာနေရင် အကိုက်အခဲပျောက်ဆေး သောက်ဖို့မကြောက်ပါနဲ့။ ဆေးညွှန်းအတိုင်း သောက်ရင် ဆေးယဉ်သွားမှာကို စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ခဏခဏ အရမ်းကိုက်နေရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေပဲသောက်မနေဘဲ ဆေးရုံသွားပြတာ အကောင်းဆုံးပါ။
နောက်တစ်ခါ မိုးရွာလို့ ခေါင်းကိုက်လာရင် "ငါတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူး၊ ဒါက တကယ့်အကြောင်းရင်းရှိတဲ့ ရောဂါတစ်ခုပဲ" လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပေါ့။
