ကုန်ဈေးနှုန်းကြောင့် အိမ်ထောင်ပြုဖို့ ကြောက်နေတဲ့ ဂျပန်လူငယ်တွေ
ဂျပန်မှာ အိမ်ထောင်ပြုဖို့ အကြီးမားဆုံး အတားအဆီးက 'ပိုက်ဆံ' မဟုတ်ဘဲ 'ကုန်ဈေးနှုန်း' တဲ့ဗျ။
အခြေအနေက ဘယ်လိုဖြစ်နေလဲ
ဂျပန်က အသက် ၂၅ နှစ်ကနေ ၃၄ နှစ်ကြား လူလွတ်အမျိုးသား၊ အမျိုးသမီး ၆၁၁ ယောက်ကို O-net ဆိုတဲ့ ကုမ္ပဏီတစ်ခုက စစ်တမ်းကောက်ကြည့်ခဲ့ပါတယ်။ အဖြေတွေကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။
စစ်တမ်းမှာပါတဲ့သူတွေထဲက တစ်ဝက်တောင်မပြည့်တဲ့ ၄၇.၈% ပဲ အနာဂတ်မှာ အိမ်ထောင်ပြုချင်တယ်လို့ ဖြေခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ အနာဂတ်အိမ်ထောင်ရေးအတွက် စိုးရိမ်စိတ်တွေထဲမှာ 'ကုန်ဈေးနှုန်းတက်တာကို ဘယ်လို ရင်ဆိုင်မလဲ' ဆိုတာက ၅၄.၅% နဲ့ အပြတ်အသတ် နံပါတ် (၁) နေရာမှာ ရပ်တည်နေလို့ပါပဲ။ ကလေးစရိတ်တွေ၊ အိမ်ဝယ်ဖို့စရိတ်တွေထက်တောင် ပိုစိုးရိမ်နေကြတာ။ ကျွန်တော်တို့လို ဂျပန်မှာနေတဲ့သူတွေအတွက်တော့ ဒီအဖြေက “မှန်လိုက်လေဗျာ” ပေါ့။
အိမ်ထောင်ဖက်ဆီက ဘာတွေမျှော်လင့်လဲ
အမျိုးသားနဲ့ အမျိုးသမီး မျှော်လင့်ချက်တွေကလည်း ကွဲပြားနေတာကို တွေ့ရတယ်။ အမျိုးသားတွေက သူတို့ရဲ့အိမ်ထောင်ဖက်ကို 'ပိုက်ဆံအလေအလွင့်မသုံးတတ်ဖို့' (၅၇.၃%) နဲ့ 'brand ပစ္စည်းတွေနဲ့ အလှမကြီးဖို့' (၃၃.၆%) ဆိုပြီး အဓိကထားကြတယ်။ နေ့စဉ်ဘဝမှာ ချွေတာစုဆောင်းတတ်တဲ့သူကို လိုချင်ကြတဲ့သဘောပါ။
အမျိုးသမီးတွေဘက်ကတော့ အမျိုးသားတွေကို 'လောင်းကစားမလုပ်ဖို့' (၅၄%)၊ 'အကြွေးမရှိဖို့' နဲ့ 'ဝင်ငွေတည်ငြိမ်ဖို့' (၄၉.၇%) ဆိုတာတွေကို အဓိကထားကြတယ်။ ဘဝကို ဒုက္ခမရောက်စေမယ့် risk တွေကို ရှောင်ချင်ကြပုံပဲ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဘယ်သူတွေများ ဒီအချက်တွေနဲ့ ကိုက်ညီနေလဲ tag ခေါ်လိုက်ဦး 🤣။ နှစ်ဖက်စလုံးကတော့ 'စုဆောင်းတတ်တဲ့အကျင့်ရှိဖို့' ကို တန်ဖိုးထားကြတာ တွေ့ရတယ်။
အတူတူနေရင် ပိုက်ဆံဘယ်လိုသုံးကြမလဲ
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက အိမ်ထောင်ပြုပြီးရင် ပိုက်ဆံဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အချက်ပါ။ အားလုံးကို ပေါင်းပြီး အတူတူသုံးတဲ့ပုံစံ၊ သီးသန့်ခွဲသုံးတဲ့ပုံစံတွေကိုကျော်ပြီး 'တစ်စိတ်တစ်ပိုင်းပဲပေါင်းသုံးမယ်' (ဥပမာ- စားသောက်စရိတ်၊ အိမ်လခလိုမျိုး) ဆိုတဲ့ ပုံစံကို လူတစ်ဝက်နီးပါးက သဘောကျကြတယ်။
ဒါက မိသားစုအတွက် တာဝန်ယူရင်းနဲ့ ကိုယ့်အတွက်ကိုယ်ပိုင်သုံးနိုင်မယ့် ပိုက်ဆံ၊ လွတ်လပ်ခွင့်ကို ချန်ထားချင်တဲ့ သဘောပါပဲ။ ခေတ်မီပြီး လက်တွေ့ကျတဲ့ အတွေးအခေါ်လို့ ဆိုရမှာပေါ့။ ဒါ့အပြင် အိမ်ထောင်မပြုခင်မှာ တစ်ယောက်ရဲ့အကြွေးတွေ၊ စုငွေတွေကို ပွင့်ပွင့်လင်းလင်း မျှဝေထားချင်ကြတာကလည်း သူတို့ဘယ်လောက် လက်တွေ့ကျကျ စဉ်းစားတယ်ဆိုတာကို ပြနေပါတယ်။
နောက်ဆုံးတော့ ဝင်ငွေဘယ်လောက်ရှိလဲထက်၊ ရှိတဲ့ဝင်ငွေနဲ့ ဘယ်လို အတူတူ ရပ်တည်ကြမလဲဆိုတာက ပိုအရေးကြီးနေတာပေါ့။ ဂျပန်မှာ နေရတာလည်း မလွယ်ပါလားနော်။
