ကွန်ဘီနီအစားအစာတွေက သင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်
ဂျပန်ကွန်ဘီနီက အစားအစာတွေဟာ ကျောက်ကပ်ကို တိတ်တဆိတ် ဒုက္ခပေးနေတယ်ဆိုတာ သင်သိပါသလား။
ဘာပြဿနာရှိလို့လဲ
ဂျပန်မှာ အလုပ်များတဲ့ ကျွန်တော်တို့အတွက် ကွန်ဘီနီဆိုတာ အကောင်းဆုံးသူငယ်ချင်းလိုပါပဲ။ ဒါပေမဲ့ ဂျပန်ဆရာဝန်တစ်ယောက်ရဲ့ ပြောကြားချက်အရ အဲဒီအထဲက အစားအစာတွေမှာပါတဲ့ "ဖော့စဖရပ်စ်" (Phosphorus) ဆိုတဲ့ဓာတ်က ပြဿနာရှိနိုင်ပါတယ်။
ဒီဓာတ်က အရိုးနဲ့သွားတွေအတွက် လိုအပ်ပေမဲ့ များသွားရင်တော့ မကောင်းပါဘူး။ ဖော့စဖရပ်စ်တွေ ခန္ဓာကိုယ်ထဲမှာ များလာတဲ့အခါ ကျောက်ကပ်က အချိန်ပိုဆင်းပြီး အသည်းအသန် စစ်ထုတ်ပေးရပါတယ်။ ဒီလိုနဲ့ ကာလကြာရှည်လာတဲ့အခါ ကျောက်ကပ်က ဝန်ပိပြီး အားနည်းလာပါတော့တယ်။
ကျောက်ကပ်အားနည်းလာရင် ဖော့စဖရပ်စ်တွေကို ကောင်းကောင်းမစစ်ထုတ်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲမှာ စုပုံလာပါတယ်။ အဲဒီအခါ အရိုးတွေက ကယ်လ်စီယမ်ဓာတ်တွေ ဆုံးရှုံးပြီး အရိုးပွရောဂါဖြစ်လာနိုင်တယ်။ ပိုဆိုးတာက နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ ဖြစ်နိုင်ပါတယ်တဲ့။ 😱
ဘယ်အစားအစာတွေမှာပါလဲ
ဖော့စဖရပ်စ်မှာ အော်ဂဲနစ် (organic) နဲ့ အင်အော်ဂဲနစ် (inorganic) ဆိုပြီး နှစ်မျိုးရှိပါတယ်။ သဘာဝအစားအစာတွေဖြစ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေမှာပါတာက အော်ဂဲနစ်ဖြစ်ပြီး ခန္ဓာကိုယ်က စုပ်ယူမှုနည်းပါတယ်။
တကယ့်ပြဿနာက အစားအစာကြာရှည်ခံအောင်နဲ့ အရသာကောင်းအောင်သုံးတဲ့ ဓာတုပစ္စည်း (food additive) တွေမှာပါတဲ့ အင်အော်ဂဲနစ် ဖော့စဖရပ်စ်ပါ။ အဲဒါတွေက ဘယ်မှာပါလဲဆိုတော့ ကျွန်တော်တို့ အကြိုက်ဆုံးဖြစ်တဲ့ ခေါက်ဆွဲခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးအသားလုံးတွေနဲ့ ကွန်ဘီနီမှာရောင်းတဲ့ အသင့်စားထမင်းဘူးတွေမှာ အများဆုံးပါဝင်နေတာပါပဲ။
ဒါဆို ဘယ်လိုလုပ်ရမလဲ
အခက်အခဲဆုံးကတော့ အစားအသောက်ထုပ်ပိုးမှုပေါ်က ပါဝင်ပစ္စည်းစာရင်းမှာ "ဖော့စဖရပ်စ်" လို့ တိုက်ရိုက်မရေးထားတာပါပဲ။ ဥပမာ ခေါက်ဆွဲခြောက်မှာသုံးတဲ့ "かんすい" (kansui) တို့၊ "PH調整剤" (pH adjuster) တို့လို စုပေါင်းနာမည်တွေအောက်မှာ ဖော့စဖရပ်စ်တွေ ပါဝင်နေတတ်ပါတယ်။
ဒါကြောင့် အလွယ်ဆုံးနည်းကတော့ အစားအသောက်တစ်ခုခုမဝယ်ခင် ပါဝင်ပစ္စည်းစာရင်းကို တစ်ချက်ကြည့်လိုက်ပါ။ ဓာတုနာမည်တွေ အများကြီးတန်းစီရေးထားရင်တော့ အဲဒီအစားအစာမှာ ဖော့စဖရပ်စ်တွေ ပါဝင်နိုင်ခြေများတယ်လို့ မှတ်ထားနိုင်ပါတယ်။
ဒါတွေကို လုံးဝရှောင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကွန်ဘီနီက ထမင်းဘူးကို နေ့တိုင်းစားတာမျိုးတော့ လျှော့သင့်ပါတယ်။ ကျွမ်းကျင်သူတွေက တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ စားဖို့ အကြံပြုထားပါတယ်။ ဒီလောက်ဆိုရင်တော့ အဆင်ပြေလောက်မှာပါနော်။ 🤔
