ဂျပန်အစိုးရက “အရက်ဟာ အကောင်းဆုံးဆေး” ဆိုတဲ့စကားကို ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားခဲ့
ဂျပန်ရဲ့ အခွန်ရုံးက သူတို့ဝက်ဘ်ဆိုက်မှာ 'အရက်က အကောင်းဆုံးဆေး' လို့ နှစ်ပေါင်းများစွာ ရေးထားခဲ့တယ်လေ။
ဘာဖြစ်သွားတာလဲ
ပြီးခဲ့တဲ့ ဧပြီလကမှ ဂျပန်အမျိုးသားအခွန်အေဂျင်စီ (NTA) ရဲ့ ဝက်ဘ်ဆိုက်ကနေ စာတစ်ကြောင်းကို တိတ်တိတ်လေး ဖယ်ရှားလိုက်ပါတယ်။ အဲ့ဒါကတော့ “ဆိုရိုးစကားအတိုင်း ‘အရက်ဟာ အကောင်းဆုံးဆေး’ ဖြစ်ပြီး၊ သင့်တင့်မျှတစွာ သောက်သုံးခြင်းက စိတ်ရောကိုယ်ပါ ကောင်းကျိုးများစွာ ပေးပါတယ်” ဆိုတဲ့စာသားပါပဲ။
ဒီစာသားက နှစ်ပေါင်းများစွာရှိနေခဲ့တာပါ။ အရက်နည်းနည်းလေးသောက်တာတောင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ သုတေသနတွေ ထွက်ပေါ်လာပြီးနောက်မှာတောင် ရှိနေတုန်းပဲ။ နောက်ဆုံးတော့ အစိုးရရဲ့ အစားအသောက်ဘေးကင်းရေးကော်မရှင်က တရားဝင် ပြောင်းခိုင်းတဲ့အခါမှပဲ NTA က မပြောင်းချင်ပြောင်းချင်နဲ့ ဖယ်ရှားပေးခဲ့ရတယ်။ 😒
အခွန်ရုံးက ဘာလို့အရက်ကို ကြော်ငြာပေးနေတာလဲ
ဇာတ်လမ်းက ၁၈၆၈ ခုနှစ် Meiji ခေတ် ပြန်လည်ထူထောင်ရေးကနေ စပါတယ်။ အဲ့ဒီတုန်းက အစိုးရသစ်က နိုင်ငံတည်ဆောက်ဖို့ ပိုက်ဆံလိုနေခဲ့တယ်။ အဓိကအခွန်က လယ်ယာစိုက်ပျိုးရေးကရပြီး ရာသီဥတုဒဏ်ကြောင့် မတည်ငြိမ်ဘူးပေါ့။ ဆာကေးအရက်ကတော့ သိုလှောင်ရလွယ်၊ ပို့ဆောင်ရလွယ်ပြီး ပိုတည်ငြိမ်တဲ့အတွက် အစိုးရက အခွန်အကြီးအကျယ်ကောက်ခဲ့တယ်။
၂၀ ရာစုအစပိုင်းမှာ နိုင်ငံအခွန်ငွေရဲ့ သုံးပုံတစ်ပုံက ဆာကေးကနေပဲ ရခဲ့တာပါ။ ဒါကြောင့် အစိုးရက ဆာကေးလုပ်ငန်းအောင်မြင်ဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၉၀၄ မှာ အရည်အသွေးထိန်းဖို့တောင် သုတေသနဌာန (NRIB) ထောင်ပေးခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ NTA ခွဲထွက်လာတဲ့အခါမှာ ဒီတာဝန်တွေက အမွေဆက်ခံလိုက်သလို ဖြစ်သွားတာပဲ။ အခုချိန်မှာ အရက်ခွန်က နိုင်ငံ့ဝင်ငွေရဲ့ ၁% ပဲရှိတော့ပေမဲ့ NTA က ဆာကေးလုပ်ငန်းတွေကို ပံ့ပိုးနေရတုန်းပါပဲ။ အစဉ်အလာအရပေါ့လေ။ အမေရိကန်မှာဆို IRS က Oktoberfest ပွဲတော်တွေ လုပ်ပေးနေသလိုမျိုးကြီး။
ဂျပန်လူငယ်တွေကတော့…
ဒီသတင်းနဲ့ပတ်သက်ပြီး ဂျပန်ကွန်မန့်တွေကလည်း အတော်ရယ်ရတယ်လေ။
▲ “အခွန်ရုံးက အရက်သမားလိုပဲ။”
▲ “အရက်ကို ဆေးလို့ခေါ်တဲ့သူက မူးယစ်ဆေးစွဲနေတဲ့သူနဲ့တူတယ်။”
▲ “အရက်နည်းနည်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လုံးဝအမှန်မဟုတ်ဘူး။”
▲ “ဆေးလိပ်ဖြတ်နိုင်ပေမဲ့ အရက်မဖြတ်နိုင်ဘူး။ အရက်က ပိုစွဲတယ်ထင်တယ်။”
▲ “ဒီစကားကို တီထွင်ခဲ့တဲ့ခေတ်က ဆေးတွေက တော်တော်ဆိုးမှာပဲ။”
တကယ်တော့ “အရက်ဟာ အကောင်းဆုံးဆေး” ဆိုတဲ့ စကားက လွန်ခဲ့တဲ့ နှစ် ၂၀၀၀ လောက်က တရုတ်ပြည်ကလာတာတဲ့။ အဲ့ဒီခေတ်က ဆေးပညာ ဘယ်လိုရှိလဲတော့ ကျွန်တော်လည်း မသိဘူးပေါ့။
