အခွန်ပြန်အမ်းငွေ ကျွန်တော် နှစ်နှစ်လောက် မှားလျှောက်ခဲ့တယ်
年末調整 (Nenmatsu Chōsei) မှာ မှီခိုသူရှိတယ်လို့ အမှန်ခြစ်လိုက်ရုံနဲ့ အခွန်လုံးဝသက်သာမှာ မဟုတ်ဘူးနော်။
ဘာပြဿနာလဲ
နှစ်တိုင်း ၁၁ လပိုင်းလောက်ဆို ကုမ္ပဏီကနေ ‘年末調整’ (Nenmatsu Chōsei) ဆိုတဲ့ နှစ်ကုန်အခွန်ညှိနှိုင်းတဲ့ စာရွက်တွေ ပေးတယ်ဟုတ်။ ကိုယ်က နိုင်ငံရပ်ခြားမှာရှိတဲ့ အဖေအမေ၊ မောင်နှမတွေကို ပိုက်ဆံပို့နေတော့ ‘မှီခိုသူ’ (扶養家族) ဆိုတဲ့ကွက်လပ်မှာ လူဦးရေဖြည့်ပြီး တင်လိုက်တယ်။ ဒါဆို အခွန်သက်သာပြီပေါ့... လို့ထင်ရင်တော့ လုံးဝမှားသွားမှာပါ။
ကျွန်တော်လည်း ဂျပန်ရောက်ခါစ ပထမ ၂ နှစ်လုံး ဒီလိုပဲ လုပ်ခဲ့တာ။ ဒါပေမဲ့ လစာ明細 (statement) ကို ဘယ်လောက်ပြန်ကြည့်ကြည့် အခွန်က လုံးဝမပြောင်းဘူး။ တစ်ခုခုတော့ မှားနေပြီလို့ ထင်မိပေမဲ့ ဒီလောက်ပဲနေမှာပါလေဆိုပြီး နေလိုက်တာ။ တကယ်တမ်းတော့ နှစ်တိုင်း ယန်းသောင်းချီပြီး နစ်နာနေခဲ့တာဗျ။ ကိုယ်က “ကျွန်တော်ထောက်ပံ့ပါတယ်” လို့ ပါးစပ်နဲ့ပြောရုံ၊ စာရွက်ပေါ်ခြစ်လိုက်ရုံနဲ့ အခွန်ရုံးက အသိအမှတ်မပြုပေးပါဘူး။
ဘာလို့ ဒီလိုဖြစ်ရတာလဲ
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စည်းမျဉ်းတွေ ပိုတင်းကြပ်လိုက်လို့ပါ။ အရင်တုန်းကတော့ လွယ်လွယ်ကူကူရတယ်လို့ ကြားဖူးပေမဲ့ အခုတော့ “ဒီမိသားစုကို မင်းတကယ်ပဲ ထောက်ပံ့နေတာလား” ဆိုတာကို သက်သေပြဖို့ တာဝန်က ကိုယ့်ဘက်မှာ ရှိလာတာပါ။
စဉ်းစားကြည့်ရင်တော့ ဒါက ဖြစ်သင့်ပါတယ်။ မမှန်မကန် အခွင့်အရေးယူတာတွေကို တားဆီးချင်လို့ပေါ့။ ဒါကြောင့် ① “သင်နဲ့ ဒီလူဟာ တကယ် ဆွေမျိုးတော်စပ်ပါသလား” ဆိုတဲ့ သက်သေအထောက်အထားရယ်၊ ② “သင်ကနေ ဒီလူဆီကို တကယ်ပဲ ပိုက်ဆံပို့ခဲ့ပါသလား” ဆိုတဲ့ သက်သေအထောက်အထားရယ်၊ ဒီနှစ်ခုလုံး တစ်စုံလိုက် လိုအပ်လာတာပါ။ တစ်ခုခု လိုနေလို့ မရပါဘူး။
ဒါဆို ဘယ်လိုလုပ်ရမလဲ
လိုအပ်တာက “ဆွေမျိုးတော်စပ်ကြောင်း အထောက်အထားစာရွက်” (親族関係書類) နဲ့ “ငွေလွှဲထားကြောင်း အထောက်အထားစာရွက်” (送金関係書類) ဆိုပြီး နှစ်မျိုးပါ။ နှစ်တိုင်း Nenmatsu Chōsei လုပ်တဲ့အချိန်မှာ ကုမ္ပဏီကို တင်ပေးရမှာ ဖြစ်ပါတယ်။
“ဆွေမျိုးတော်စပ်ကြောင်း အထောက်အထားစာရွက်” ဆိုတာက ဥပမာ- မြန်မာပြည်ကထုတ်ပေးတဲ့ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းလိုမျိုးတွေပါ။ ဒါကို ဂျပန်လို ဘာသာပြန်ချက်နဲ့အတူ တွဲတင်ရပါမယ်။ ဒီစာရွက်ကတော့ တစ်ခါလုပ်ထားရင် နောက်နှစ်တွေမှာ ဆက်တိုက်ပြန်သုံးလို့ရပါတယ်။
ပြဿနာက “ငွေလွှဲထားကြောင်း အထောက်အထားစာရွက်” ပါ။ ဒါက ကိုယ်ထောက်ပံ့မယ့် မိသားစုဝင် တစ်ယောက်ချင်းစီအတွက် “အဲ့ဒီနှစ်ထဲမှာ ပိုက်ဆံလွှဲထားတယ်” ဆိုတဲ့ သက်သေပြဖို့ လိုတာပါ။ ဘဏ်ကနေ နိုင်ငံခြားကို ငွေလွှဲထားတဲ့ ပြေစာတွေ၊ ဒါမှမဟုတ် မိသားစုဝင်သုံးတဲ့ credit card ရဲ့ လစဉ်အသုံးစရိတ်စာရင်းတွေက ဒီအထဲမှာ ပါပါတယ်။ နှစ်တိုင်း ပိုက်ဆံလွှဲပြီးတိုင်း ဒီစာရွက်တွေကို သေသေချာချာ သိမ်းထားဖို့ အရမ်းအရေးကြီးပါတယ်။
ဒီစာရွက်စာတမ်းတွေ စုရတာ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဝင်ငွေနဲ့ မှီခိုသူဦးရေပေါ်မူတည်ပြီး ဝင်ငွေခွန်နဲ့ မြို့နယ်ခွန်ပေါင်းရင် တစ်နှစ်ကို ယန်း ၅ သောင်း ကနေ ၁ သိန်းလောက်အထိ သက်သာနိုင်ပါတယ်။ တစ်ခါလုပ်တတ်သွားရင် နောက်နှစ်တွေအတွက် အေးဆေးပဲ။ ဒီလောက်လုပ်ရတာနဲ့ ပြန်ရမယ့် ပမာဏနဲ့က တန်ပါတယ်။ ☕
